အော်ဂဲနစ်စည်းကမ်းများသည် အောဂဲနစ်သဘောတရား (organic concept) အရတူညီကြသော်လည်း အသိအမှတ်လက်မှတ်ထုတ်ပေးသောအဖွဲ့အစည်းများ၏ စံချိန်စံညွှန်းများအလိုက်ကွဲလွဲချက်များရှိပါသည်၊ တင်းကျပ်မှုရှိသလို အနည်းငယ်လျော့ပေါ့ပေးတာလည်းရှိပါတယ်။ စည်းကမ်းတင်းကျပ်မှုရှုဒေါင့်အရ သိထားသင့်တဲ့အရေးကြီးတဲ့စည်းကမ်းလေးတွေကိုတင်ပြပေးပါမယ်။
(၁) ဓါတုပစ္စည်းများ (Agrochemicals)လုံးဝမသုံးရပါ။ ချွင်းချက်အနေဖြင့် တွင်းထွက်အရိုင်းထည်ဖြစ်သော ဂျစ်ဆန်၊ကျောက်မှုန့်၊ဒိုလိုမိုက်၊ ကန့်၊ဒုတ္ထာ၊ထုံး စသည်များကို လိုအပ်ချက်အရ အော်ဂဲနစ်စည်းကမ်းအတိုင်းသုံးစွဲနိုင်ပါသည်။
မှတ်ချက်။ ။ ဓါတုသုံးသောခြံများမှ ပေါက်တူး၊ဂေါ်ပြား၊ ခြင်း၊တောင်းစသောလုပ်ငန်းသုံးပစ္စည်းများကို အော်ဂဲနစ်ခြံတွင်မသုံးရပါ၊ သီးသန့်ပစ္စည်းများထား၍သုံးရပါသည်။ ကြိတ်ခွဲရန်လိုအပ်သောသီးနှံများကိုလည်း အများသုံးစက်များတွင်မကြိတ်ခွဲရပါ သီးသန့်စက်သာဖြစ်ရပါမည်။
(၂) ဟော်မုန်း (Hormones) များဖြစ်သော အပင်ကြီးထွားဆေး၊ အသီးအပွင့်ထွက်ဆေး စသောဆေးများကို လုံးဝမသုံးစွဲရပါ၊ မွေးမြူရေးတွင်လည်းမသုံးရပါ၊ အနည်းငယ်သုံးခြင်းဖြင့် မကြာခင်ဓါတ်ပျယ်သွားသဖြင့်အရေးမကြီးဟုမမှတ်ယူပါနှင့်လုံးဝခွင့်မပြုပါ။
ချွင်းချက်။ ။ မီသိုင်းယူဂျီနောကဲ့သို့အင်းဆက်ပိုးစွဲဆောင်ရန်သုံးခြင်းများကိုခွင့်ပြုပါသည်။
(၃) မျိုးရိုးဗီဇပြုပြင်ထားသော (GMOs) မျိုးများကိုလုံးဝသုံးစွဲခွင့်မရှိပါ။ ဗီဇဖလှယ်ခြင်း (Gene transmission) မဟုတ်ပဲ ဗီဇဖယ်ရှားပစ်ခြင်း (Gene eradication) ကိုအချို့လက်ခံပါသည်။
(၄) ပဋိဇီဝဆေးများ (Antibiotics) ကိုမသုံးစွဲရပါ၊ အော်ဂဲနစ်မွေးမြူရေးတွင် animal welfare အရလိုအပ်လျှင် သက်ဆိုင်ရာပညာရှင်၏ ညွှန်ကြားချက်ဖြင့်သုံးစွဲနိုင်သော်လည်း အော်ဂဲနစ်စည်းကမ်းအတိုင်းဖြစ်ရမည်။
(၅) မွေးမြူရေးတွင်အစာဖြည့်စွက်ဆေးများ (Feed Additives) များသုံးစွဲခွင့်မရှိပါ။
မှတ်ချက်။ ။ ဗီတာမင်သက်သက်ကိုမူ တိရိစ္ဆာန်ကျန်းမာရေးလိုအပ်ချက်အရပညာရှင်၏လမ်းညွှန်ချက်ဖြင့်သုံးနိုင်သော်လည်း အော်ဂဲနစ်စည်းကမ်းအတိုင်း ဖြစ်ရမည်။
(၆) ကာကွယ်ဆေး (Vaccines) ကိုမွေးမြူရေးတွင် လိုအပ်ချက်အရသုံးစွဲ ခွင့်ပြုသည်။ သက်ဆိုင်ရာပညာရှင်၏ညွှန်ချက်အရသုံးစွဲရမည်ဖြစ်သလို အော်ဂဲနစ်စည်းကမ်းအတိုင်းသာဖြစ်ရမည်။
(၇) နာနိုဆေး (Nano chemicals) များလုံးဝမသုံးစွဲရပါ။
(၈) ဓါတ်ရောင်ခြည် (Radiation) သုံး ၍ပြုပြင်ထားသောမျိုးများမသုံးရပါ။
(၉) သဘာဝပစ္စည်းနှင့်တူအောင်ဓါတ်ခွဲခန်းတွင်ဖန်တီးထားသောဆေးများ ( Synthetics) သုံးစွဲ ခွင့်မရှိပါ။
(၁၀) မှိုင်း(သို့)အငွေ့တိုက်ခြင်း (Fumigation) ဖြင့်သီးပွင့်အောင်လုပ်ခြင်း၊ ပိုးလှန့်ခြင်း၊ ပိုးသတ်ခြင်းများကိုလုံးဝခွင့်မပြုပါ။
(၁၁) ဓါတုမဟုတ်သောအော်ဂဲနစ်ပိုးသတ်ဆေးများ (တမာဆီ၊ဆေးရွက်ကြီး) များသုံးစွဲခြင်းခွင့်မပြုပါ။
(၁၂) နွားချေး၊ကြက်ချေး၊ဝက်ချေးစသော တိရိစ္ဆာန်အညစ်အကြေးများကို မြေသြဇာအဖြစ် တိုက်ရိုက်သုံးစွဲခွင့်မရှိပါ အော်ဂဲနစ်နည်းဖြင့် ပြုပြင်ပြီးမှသာသုံးစွဲခွင့်ရှိပါသည်။ လူ့အညစ်အကြေး နှင့် ခွေးကြောင်စသည်တို့၏အညစ်အကြေးများ လုံးဝသုံးစွဲဲခွင့်မရှိပါ။
ထို့ကြောင့်အော်ဂဲနစ်စိုက်ပျိုးမွေးမြူသူများအနေဖြင့် မိမိလျှောက်ထားလိုသော အဖွဲ့အစည်း၏ စံချိန်စံညွှန်းများကိုသိထားရန်လိုပါသည်။ အထက်ဖော်ပြပါအချက်များသည် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ၏စည်းကမ်းချက်များနှင့်ကိုက်ညီသဖြင့် ပြည်ပပို့ကုန်အထိသွားလိုသူများ သတိထားရန်လိုပါသည်။
အော်ဂဲနစ်စိုက်ပျိုးမွေးမြူလိုသူများအနေဖြင့်စည်းကမ်းများနှင့်အညီဆောင် ရွက်လိုလျှင်အော်ဂဲနစ်သင်တန်းတက်ရန်လိုပါသည်။